သား ခေါ်သံ

သား ခေါ်သံ
========



သား ကျန်းမာရေး သား ပညာရေး
သား အနာဂတ်တွက်တဲ့ …
နိုင်ငံခြားဆိုတဲ့ အဝေဆုံးဆီကို
မကြာသေးခင်က
မေမေ ထွက်သွားခဲ့တယ်

မေမေ မသွားခင် ကျတော့ကို
မှာ ထားခဲ့တယ်
၂ နှစ်ပြည့်ရင် မေမေ သားဆီ ပြန်လာမတဲ့
ဒီကြားထဲ ငါ့သားနဲ့ အဆက်အသွယ် ချက်ချင်းမရခဲ့ရင်
စိတ်မပူဖို့ မေမေ သားကို မှာထားခဲ့တယ်

မေမေ ကျန်းမာဖို့ မေမေ အလုပ်အကိုင် အဆင်ပြေဖို့
မေမေ သားကို အဆက်အသွယ် အမြန်လုပ်ဖို့
သား နေ့တိုင်း ဘုရားဆီ ဆုတောင်းနေခဲ့တယ်လေ

ဟော …
နိုင်ငံခြားက ဖုန်းလာသတဲ့
မေမေ့ဆီကဘဲ ဖြစ်လိမ့်မယ်
သား ဆုတောင်းတွေ ပြည့်ပြီပေါ့

သား ဦးလေး ဖုန်းကိုင်အပြီး သားကို ပြောပြတယ်
" သား မေမေ ဆုံးပြီ
တစ်ပတ်အတွင်း မင်းအမေ ရွာပြန်ရောက်လာမယ်
အဲ့ဒီတွက် ဦးလေးက သားမေမေကို သွားကြိုမယ်နော် " တဲ့လေ

ဘာတွေလဲ ဘယ်လိုတွေလဲ မေမေ
သား ကြားရတဲ့ သတင်းတွေက ဘာတွေလဲ
သား မေမေ့ အသံကိုဘဲ ကြားချင်တာလေ
သား မေမေ့ မျက်နှာကိုဘဲ မြင်ချင်တာလေ
သား ဘယ်အရာမှ မယုံချင်သေးဘူး မေမေရယ်
မေမေ တစ်ပတ်တွင်း ပြန်လာမတဲ့
သား မေမေ့ကို အိမ်ရှေ့က စောင့်ကြိုနေမယ်
သား မေမေ့ကို တွေ့မှ ဖြစ်မယ်
သား မေမေ့ကို စကားတွေ အများကြီး ပြောရအုံးမယ်

မေမေ ပြန်လာပြီ … … …
ဘာဖြစ်လို့ ဒီလောက်များတဲ့ လူတွေက
မေမေ့ကို လိုက်ပို့ကြတာလဲ
ဒီလောက်များတဲ့ လူထု ကျတော် တစ်ခါမှလည်း
မမြင်ဖူးပါလား

မေမေ အိမ်ရှေ့ ရောက်လာပြီ …
မေမေ အိပ်ပျော်ပြီး ရောက်လာတယ်
မေမေ အိပ်ပျော်နေတယ်
သား မေမေ့ကို ဘယ်လောက် နိုးနိုး မေမေ မနိုးတော့ပါလား
သား မေမေ့ကို ဘယ်လောက်ခေါ်ခေါ် မေမေ ပြန်မထူးပါလား
သား ခေါ်နေတယ်လေ မေမေ
တစ်ချက်ကလေး ထူးပါအုံး
တစ်ချက်ကလေး ကြည့်ပါအုံး
မေမေ ပြန်လာရင် သားတို့ မိသားစုလေး
ပျော်ပျော်ရွှင်ရွှင်နဲ့ နေရမယ်ဆို
သား အဖြစ်ကို ကြည့်ပါအုံး မေမေရယ်

တစ်အောင့်နေတော့ မေမေ့ကို လိုက်ပို့တဲ့
လူကြီးတွေက ပြောတယ်
'သား ကျန်းမာရေး ပညာရေး စားဝတ်နေရေးတွက်
ဘာမှ စိတ်မပူနဲ့
သား မေမေက သားအတွက် လုံလုံလောက်လောက်
ရှာပေးထားတယ် ' တဲ့

မေမေ …
သား မေမေ …
သားအတွက် ငွေတွေ အများကြီး ရှာပေးခဲ့ပါတယ်
သားအတွက် ငွေတွေ လုံလုံလောက်လောက်နဲ့
မေမေ သားဆီ ပြန်လာခဲ့ပါတယ်
သို့သော်
သား မေမေ့ကို ခေါ်လို့ မရတော့ဘူး
သား မေမေနဲ့ စကားတွေ ပြောလို့ မရတော့ဘူး
သား မေမေ့ ခေါ်သံကို မကြားရတော့ဘူး
သား မေမေ့ကို နိုးလို့ မရတော့ဘူး
သူတို့ပြောတယ်
သား မေမေက တစ်သက်လုံး အိပ်ပျော်သွားပြီတဲ့လေ

မေမေ သိရဲ့လား
မေမေ ပါလာတဲ့ ငွေတွေကို သားမလိုချင်ဘူး
သား လိုချင်တာ မေမေ နိုးလာပြီး
သားကို စကားလေး တစ်ခွန်းလောက်
ပြောပေးဖို့ပါ မေမေရယ် …




Credit>>(Zain Nay Sian ရင့်နင့်စွာ ခံစားရေးသားသည်)

သား ခေါ်သံ သား ခေါ်သံ Reviewed by Anthony KaKap on 01:17 Rating: 5

No comments:

ads 728x90 B
Theme images by Radius Images. Powered by Blogger.